ဖုန်းအလင်းရောင်ကို ၂နှစ်ကြာအမြင့်ဆုံးထားသုံးမိလို့ မျက်ကြည်လွှာမှာ အပေါက်ပေါင်း ၅၀၀ ဖြစ်သွားတဲ့ မိန်းကလေး

စမတ်ဖုန်းကို အလင်းရောင်အမြင့်ဆုံးနဲ့ ၂ နှစ်ကျော်ကြာ အသုံးပြုခဲ့တဲ့ ထိုင်ဝမ်က အမျိုးသမီးတယောက်ဟာ သူ့မရဲ့ မျက်ကြည်လွှာမှာ အပေါက်ပေါင်း ၅၀၀ ဖြစ်ပွားတာအပါအဝင် ဆိုးရွားပြင်းထန်တဲ့ မျက်လုံးပျက်စီးမှုနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ OC သတင်းမှာ ဖော်ပြပါတယ်။

ဒီဖြစ်ရပ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရသူက အသက် ၂၅ နှစ်အရွယ် ချန်းဆိုသူပါ။ သူမဟာ အတွင်းရေးမှူးအဖြစ် အသက်မွေးနေသူဖြစ်ပြီး အလုပ်အကိုင်အရ အလုပ်နဲ့ပတ်သက်တဲ့ မက်ဆေ့ချ်တွေကို အချိန်မီပြန်လည်ဖြေကြားနိုင်ဖို့ ဖုန်းကို အမြဲတစေအသုံးပြုရသူပါ။

ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက ချန်းဟာ နေရောင်အောက်မှာ ဖုန်းကိုအသုံပြုနိုင်ဖို့ သူ့ဖုန်းရဲ့ မျက်နှာပြင်အလင်းရောင်ကို အမြင့်ဆုံးမှာ ထားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူမဟာ ဖုန်းအလင်းရောင်ကို ပြန်မချိန်ညှိတော့ဘဲ ညအမှောင်မှာ ရုပ်ရှင်ကြည့်ချိန်တောင် ဖုန်း အလင်းရောင်ကို အမြင့်ဆုံးမှာ ထားခဲ့ပါတယ်။ ဒီလိုပြင်းထန်စူးရှတဲ့ အလင်းရောင်ဟာ သူမအတွက် အလွန်အဆင်ပြေခဲ့ပေမယ့် သူမမျက်လုံးကတော့ ဒါကို ခံနိုင်ရည်မရှိတော့ပါဘူး။

ပြီးခဲ့တဲ့နှစ် မတ်လကစပြီး ချန်းဟာ မျက်လုံးတွေဟာ စတင်ပြဿနာဖြစ်ပွားခဲ့ပြီး သူမဟာ အိပ်ရာနိုးချိန်မှာ မျက်လုံးတွေ ရဲနေခဲ့သလို မြင်ကွင်းတွေဟာလည်း စတင်ဝေဝါးလာခဲ့ပါတယ်။

ဒါပေမယ့် ချန်းဟာ သင့်တော်တဲ့ ကုသမှုကို ခံယူခဲ့တာမရှိဘဲ မျက်ရည်တုတွေကိုသာ အသုံးပြုခဲ့ပါတယ်။ ဒီလုပ်ဆောင်ချက်က သူမရဲ့ဝေဒနာကို သက်သာစေခြင်းမရှိဘဲ မျက်လုံးဟာ တဖြည်းဖြည်းဆိုးရွားလာခဲ့ပါတယ်။

အဲ့ဒီနောက်မှာမှ သူမဟာ မျက်လုံးဆိုင်ရာ ပါရဂူနဲ့ တွေ့ဆုံကုသခဲ့ပြီး စစ်ဆေးမှုတွေ လုပ်ဆောင်ရာမှာ မျက်လုံးထဲက သွေးကြောတွေ ခဲနေတာကို တွေ့ခဲ့ရပါတယ်။ ဒါတင်မကသေးဘဲ သူမရဲ့ ဘယ်ဘက်မျက်ကြည်လွှာမှာ သေးငယ်တဲ့ အပေါက်ပေါင်း ၅၀၀ လောက်ကို မြင်တွေ့ခဲ့ရပြီး ဒီဝေဒနာတွေဟာ သုံးရက်ကြာ အပြင်းအထန်ကုသပြီးချိန်မှာမှ ပြန်လည်သက်သာလာခဲ့ပါတယ်။ ချန်းဟာ ကံကောင်းစွာနဲ့ပဲ မျက်လုံးတလုံးကို ဆုံးရှုံးရမယ့်အရေးက လွတ်မြောက်သွားခဲ့ပါတယ်။

ချန်းကို ပင်တောင်း ဖူယန်းသိပ္ပံနဲ့ နည်းပညာတက္ကသိုလ်မှ မျက်လုံးဆိုင်ရာ ပေါမောက္ခ ဟွန်းက ကုသပေးခဲ့တာဖြစ်ပြီး စမတ်ဖုန်းရဲ့ အမြင့်ဆုံးအလင်းရောင်က ၆၂၅ lumen ရှိကာ ဒီပမာဏက လူသားတွေရဲ့ မျက်လုံးက ခံနိုင်ရည်ရှိတဲ့ ၃၀၀ lumen ထက် နှစ်ဆကျော် ပိုမိုများပြားနေတယ်လို့ ဆိုပါတယ်။

ဒီအလင်းရောင်ဟာ အထူးသဖြင့် အမှောင်ခန်းထဲမှာ ကြည့်မယ်ဆိုရင် မျက်ကြည်လွှာကို လောင်ကျွမ်းစေနိုင်ပြီး ရေရှည်မှာ အမြင်အာရုံကို ထိခိုက်စေနိုင်တာပဲဖြစ်ပါတယ်။

ဒါ့ကြောင့် ပါမောက္ခဟွန်းက ပတ်ဝန်းကျင်အခြေအနေပေါ် လိုက်ပြီး ဖုန်းအလင်းရောင်ကို ချိန်ညှိကြည့်ရှုဖို့ ဒါမှမဟုတ် ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်စေ ဖုန်းအလင်းရောင်ကို ၂၅၀ lumen မှာပဲထားဖို့ အကြံပြုပါတယ်။

(ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်)