ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၇၇၆ ဦး ရှိပြီ ၊ ၁၁၂၉၈ ယောက်က အသည်းအသန် အခြေအနေမှာ ရှိ

COVID-19 လို့ အမည်ပေးထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာတလွှား နိုင်ငံနဲ့ ဒေသ ၂၉ ခုမှာ ကူးစက်နေပြီး ဒီနေ့မွန်းလွဲပိုင်းထိ ရထားတဲ့ သတင်းအရ ကူးစက်ခံ ၇၁၃၅၆ ယောက်နဲ့ သေဆုံးသူ ၁၇၇၆ ယောက် ရှိပြီလို့ သိရပါတယ်။

ကူးစက်ခံ ၁၁၁၈၄ ယောက် နေပြန်ကောင်းလာခဲ့ပြီး ကူးစက်ခံလူနာ ၁၁၂၉၈ ယောက်က အသည်းအသန် အခြေအနေမှာ ရှိနေပါတယ်။

ဗိုင်းရပ်စ် စတင်ကူးစက်ရာ တရုတ်ပြည်မကြီး ဟူဘေးပြည်နယ် ဝူဟန်မြို့က ယာယီဆေးရုံထဲမှာ ရောဂါနုတဲ့ ကူးစက်ခံလူနာတွေကို ထားပါတယ်။

အစားအသောက်ကို တန်းစီရယူပြီး သူတို့ခုတင်ပေါ်မှာ စားနေကျပါ။ လူနာတွေ စိတ်ဓာတ်မကျအောင်၊ ပျင်းရိငြီးငွေ့တာ မဖြစ်ရအောင် ရှင်းကျန်းပြည်နယ်က လာတဲ့ ကျန်းမာရေးလုပ်သားက လူနာတွေကို ရိုးရှင်းတဲ့ တိုင်းရင်းသား ရိုးရာကကွက်တွေ စပြီး သင်ပေးနေပါတယ်။

ဟူဘေးပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ လူနာသစ် အရေအတွက်ဟာ နှစ်ရက်ဆက်တိုက် ကျဆင်းနေခဲ့ရာက ဖေဖော်ဝါရီ ၁၇ ရက်မှာတော့ ကူးစက်နှုန်း ခါတိုင်းထက် ၅ ရာခိုင်နှုန်း ပြန်တိုးလာခဲ့ပါတယ်။

ဝူဟန် ယာယီဆေးရုံထဲက လူနာတွေကတော့ အချိန်အများစုကို အနားယူ ဖြတ်သန်းနေပြီး နေပြန်ကောင်းမယ်လို့ ယုံကြည်ကြောင်း ပြောကြပါတယ်။

(ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်)