အိမ်မွေးခွေးနှစ်ကောင်ကို အစိုးရအာဏာပိုင်တွေရဲ့နာမည်ပေးမိလို့ ထောင်ချခံရတဲ့ အမျိုးသား

မွေထားတဲ့ ခွေးနှစ်ကောင်ကို တရုတ်အစိုးရ၊ ဝန်ထမ်းတွေနဲ့ ပတ်သက်တဲ့ နာမည်တွေပေးခဲ့မိတဲ့ တရုတ်နိုင်ငံက အမျိုးသားတဦးဟာ ဖမ်းဆီးထောင်ချခံခဲ့ရတယ်လို့ မေ ၁၆ ရက်နေ့ OC သတင်းမှာ ဖော်ပြပါတယ်။

အဖမ်းခံရသူဟာ အသက် ၃၀ အရွယ်ရှိပြီဖြစ်ပြီး ဘန်လို့ အမည်ရပါတယ်။ ဘန်ဟာ ခွေးလေးနှစ်ကောင်ကို “Chengguan” နဲ့ “Xieguan” လို့ အမည်ပေးထားကြောင်း တရုတ်လူမူကွန်ရက် WeChat မှာ ထုတ်ဖော်ရေးသားခဲ့ပါတယ်။

ဒီနာမည်တွေမှာ ပထမတခုက တရုတ်နိုင်ငံရဲ့ အသေးစားပြစ်မှုတွေကို ကိုင် တွယ်ဖြေရှင်းတဲ့ အာဏာပိုင်တွေကို ရည်ညွှန်းတာဖြစ်ပြီး ဒုတိယစကားလုံးက တရုတ်နိုင်ငံမှာရှိတဲ့ ယာဉ်ထိန်း ဝန်ထမ်းတွေလို တရားဝင်မဟုတ်တဲ့ ဝန်ထမ်းတွေကို ရည်ညွှန်းတာပဲဖြစ်ပါတယ်။

ဘန်ကတော့ သူ့အနေနဲ့ ခွေးလေးတွေကို ဒီလိုနာမည်တွေပေးတာ တရားမဝင်ဖြစ်မှန်း မသိကြောင်းပြောပေမယ့် အာဏာပိုင်တွေကတော့ လက်မခံပါဘူး။ ဒါ့ကြောင့် ဘန်ရဲ့ ပို့စ်လူသိများလာတဲ့အချိန်မှာ သူ့ကို ဖမ်းဆီးစစ်ဆေး အရေးယူခဲ့တာပါ။

“ခွေးပိုင်ရှင်ရဲ့ နာမည်ပေးပုံက နိုင်ငံတွင်းမှာဖြစ်နေတဲ့ စတန့်ထွင်မှုတွေထဲက တခု အပါအဝင်ဖြစ်ပါတယ်။ သူ့ရဲ့လုပ်ရပ်က နိုင်ငံတွင်းနဲ့ ကျနော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ ဝန်ထမ်းတွေရဲ့ ခံစားချက်ကို ဆိုးရွားစေပါတယ်” လို့ တရုတ်ရဲအရာရှိတဦးက သတင်းဌာနကို ပြောပါတယ်။

“ကျနော် ဥပဒေအကြောင်းကို မသိပါဘူး။ ပြီးတော့ ဒါဟာ ဥပဒေကိုချိုးဖောက်တဲ့ လုပ်ရပ်မှန်းလည်း မသိပါဘူး” လို့ ဘန်ကပြောပါတယ်။

ဒါပေမယ့် တာဝန်ရှိသူတွေက “ဥပဒေဝန်ထမ်းတွေကို သိက္ခာကျဆင်းစေမှု” နဲ့ ဘန်ကို ထောင်ဒဏ် ၁၀ ရက်ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

ဒါပေမယ့် အခုချိန်မှာတော့ ဘန်ရဲ့ဖြစ်ရပ်ဟာ တရုတ်အင်တာနက်အသုံးပြုသူတွေကြားမှာ အငြင်းပွားစရာ ကိစ္စတရပ်အဖြစ်ရှိနေပြီး သူ့ကိုအပြစ်ပေးတာ မမျှတဘူးလို့ စောဒက တက်နေကြပါတယ်။

(ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်)